ပေါင် ဩဂုတ် ၂၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက (အ.ထ.က) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် ဥပဒေဆိုင်ရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ ပေါင်မြို့မရဲစခန်းမှ ဒုရဲမှူးမင်းဦးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်မောင်းလိုင်စင်ရှိမှ ဆိုင်ကယ်နှင့် ကားများမောင်းနှင်ကြပါရန်၊ အသက်(၁၈)နှစ်ပြည့်မှ ဆိုင်ကယ်မောင်းကြပါရန် ၊ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ပါရန်နှင့် ဆောင်ရန်/ရှောင်ရန် အချက်များကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသံမရောင်းက ပေါင်မြို့နယ်သည် ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိသည့်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြပါရန် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စက်ဘီးစီးလျှင် ညာဘက်ကပ်စီးပါ လမ်းဖြတ်ကူးလျှင် အလယ်မျဥ်းဘက်မှ နေရာယူပြီး လမ်းဘေးဝဲယာကြည့်ပြီးကူးသွားရပါမည်၊ လမ်းလျှောက်သွားလျှင်လည်း ယာဉ်သွားသည့်မျက်နှာချင်းဆိုင်ဘယ်ဘက်တွင် သွားရပါမည်၊ လမ်းကူးမည်ဆိုလျှင်လည်း လူကူးမျဉ်းရှိသည့်နေရာတွင်သာ ကူးကြပါရန်၊ လူကူးမျဉ်းမရှိသည့်နေရာတွင် ကူးပါကဘေးဘယ်ညာကိုကြည့်ပြီး လမ်းရှင်းမှကူးကြပါရန်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်း ဟောပြောခဲ့သည်။
ထို့ပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူကုန်ကူးခြင်း၏ ဆိုးကျိုးများကို ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)