ညောင်ရွှေ သြဂုတ် ၂၉
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြပြီးဘုရားအတွက် အလှူငွေများ လှူဒါန်းပေးကြရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံယူကြောင်း သိရသည်။
ထို့နောက် ၁၃၆၈ ခုနှစ်၊ သီတင်းကျွတ်လတွင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီ လှည့်လည်ပူဇော်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ်၊ ဖောင်တော်ဦးစံကျောင်း တော်ကုန်းမြေရှိ သာသနာထိန်ထိန်လင်း နှစ်ထပ်ကျောင်းဆောင်၌ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ အစည်းအဝေးကို အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့မှ သြဝါဒါစရိယ မိုင်းသောက်ဆရာတော် အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အဖွဲ့၊ တက်ရောက်လာသည့် ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်သည်။
ဆက်လက်၍ ညောင်ရွှေမြို့၊ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇဘဒ္ဒန္တ သုမင်္ဂလာ ဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြပြီး၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး၊ သီတင်းကျွတ်လတွင် ကျင်းပပြုလုပ်မည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံနိုင်ရေးသည် နှစ်စဥ်ပူဇော်မြဲဖြစ်၍ ယခုနှစ် လှည့်လည်အပူဇော်ခံပွဲကိုလည်း အင်းလေးရိုးရာ ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီအောင်မြင်စွာ ကျင်းပမည် ဖြစ်သည့်အတွက် ဆရာတော်၊ သံဃာတော်များက လမ်းညွှန်သြဝါဒပေး၍ ကူညီပေးနိုင်ပါရန်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း ဒေသစာရီကြွချီလှည့်လည် အပူဇော်ခံပွဲအောင်မြင်စွာကျင်းပနိုင်ရန် လိုအပ်သည်များကို ပံ့ပိုးကူညီစီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ထို့နောက် သဘာပတိဆရာတော်ဖြစ်သည် မိုင်းသောက် ပထမစာသင်တိုက်၊ ဦးစီးပဓာနနာယက ဆရာတော်က သြဝါဒမိန့်ကြားပေးပြီး၊ ဆရာတော်၊ သံဃာတော်များးအား ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲသည် ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ပထမ စာသင်တိုက် သို့သွားရောက်၍ ဦးစီးပဓာနနာယက နိုင်ငံတော် သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တ သုမင်္ဂလာဘိဝံသထံ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)