ချောင်းဆုံမြို့နယ်၌ (၃၈) ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲ ကျင်းပ

ချောင်းဆုံ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ(၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ယနေ့ ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းနှင့် ချောင်းဆုံ (အ.ထ.က)ကျောင်းတို့တွင် ကျင်းပသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများမှ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီးနောက် မော်လမြိုင်မြို့ မဟာမြိုင်ကျောင်းတိုက်ဆရာတော် (၁၅)ဘွဲ့ရ ဘဒ္ဒန္တဝိမလာဘိဝံသ ဟိတဓရဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ တရားဒေသနာတော်ခံယူနာကြားခြင်း၊ ဆရာတော်အား ဓမ္မပူဇာဆက်ကပ်လှူဒါန်းခြင်း ၊ YMBA အဖွဲ့အား အလှူတော်ငွေလှူဒါန်းခြင်းနှင့် ဆရာတော်မှ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

အဆိုပါ (၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ချောင်းဆုံမြို့နယ်တွင် ဩဂုတ်လ(၂၆)ရက်နေ့မှ စက်တင်ဘာလ (၉) ရက်နေ့အထိ အခြေခံပညာကျောင်းအထက်တန်းနှင့် အလယ်တန်းကျောင်း (၂၀) ကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)