မိတ္ထီလာ ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းအား ယမန်နေ့က အဆိုပါရုံး၌ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကား ပြောကြား၍ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးက မြစိမ်းရောင်ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ မြစိမ်းရောင်ငွေစာရင်းထိန်းသိမ်းနည်းများအား သေချာမှတ်သား၍ စာရင်းများလစဉ်ပုံမှန်ဖြည့်သွင်းကြရန်၊ စီမံကိန်းအောင်မြင်အောင် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပါသည်။ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံ ဒေါ်အေးမြတ်မြတ်ဆွေက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များနှင့် ငွေစာရင်းပုံစံ (၁၀)မျိုးရေးသွင်းနည်း အသေးစိတ်အား ရှင်းလင်းပို့ချခဲ့ကြောင်း ဦးစီးအရာရှိ ဒေါ်ဝါဝါမိုးထံမှ သိရသည်။
အဆိုပါသင်တန်းအား လိန်တောကျေးရွာ၊ ရေချို(ရွာမ)ကျေးရွာ၊ ဖလံကျင်းကျေးရွာတို့မှ ကျေးရွာလုပ်ငန်းအဖွဲ့ဝင် (၂၃)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)