တောင်ဥက္ကလာပမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၏ (၆)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အစည်းအဝေးနှင့် စာဖတ်ဝိုင်းပြုလုပ်

တောင်ဥက္ကလာပ ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာရေးဆရာ/ ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုပေါင်း၍ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော စာအုပ်စာစောင်ချစ်မြတ်နိသူများအသင်း (Book Club)၏ (၆)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား၊ အစည်းအဝေးနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဦးစွာ (Book Club)အဖွဲ့ နာယကစာရေးဆရာမ ရွှေကူနန်းနွဲ့နွဲ့နှင့် စာရေးဆရာ အောင်ကြည်ညွန့်(တက္ကသိုလ်)တို့က Book Club အဖွဲ့၏ (၆)နှစ်ပြည့်အထိမ်းအမှတ် မုဒိတာစကားများ ပြောကြားပြီး ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့မှ အသိပညာပေးလုပ်ငန်များ ပူး‌ပေါင်းပါဝင်ဆောင်ရွက်နေသော Book Club အတွက် အလှူငွေကျပ် (၅၀၀၀၀/-)လှူဒါန်းခဲ့ရာ အဖွဲ့ဝင် ဆရာဦးစိန်ကျော်သင်းမှ လက်ခံခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက ဂုဏ်ပြုစကားနှင့် မြို့နယ်အတွင်း Book Club၊ Women Club၊ Youth Club အဖွဲ့များနှင့် လူငယ်အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် (Book Club) အဖွဲ့ဝင် စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက Book Club ဖွဲ့စည်းခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ် ရင်တွင်းစကားများနှင့် ဆက်လက်ဆောင်ရွက်ကြမည့် အသိပညာပေးလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းပြုလုပ်ကာ စာဖတ်ဝိုင်းရေရှည်တည်တံ့ရေးအကြောင်းများနှင့် သုတ/ရသစာပေရေးရာအကြောင်းများကို အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါ တောင်ဥက္ကလာပမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ကို စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့၊ စာရေးဆရာကြီး အောင်ကြည်ညွန့်(တက္ကသိုလ်)တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း စာရေးဆရာများနှင့် စာပေဝါသနာရှင်များစုစည်း၍ ၂၀၁၈ ခုနှစ်မှ စတင်ဖွဲ့စည်းခြင်းဖြစ်ကာ ယင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စာပေရေးရာများ နှီးနှောဖလှယ်ဆွေးနွေးသည့် စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ခြင်းနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်သော အခြေခံပညာ ထက်/လယ်/မူအဆင့် ဆေးရောင်ခြယ်၊ ကဗျာရွတ်၊ ပုံပြော၊ စာစီစာကုံးနှင့် အခြားပြိုင်ပွဲများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လူငယ်အသိပညာပေးဟောပြောပွဲများအပါအဝင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)