မုဒုံမြို့၌ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

မုဒုံ သြဂုတ် ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ရွှေဟင်္သာစျေးကြီး၌ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မော်လမြိုင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး ဦးမင်းပြည့်စုံနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလွင်၊ ကျန်းမာရေးကြီးကြပ် ()၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ စျေးအတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကုန်ပစ္စည်းများအရောင်းဆိုင်တွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများကို ပြည်သူများ ရောင်းဝယ်သုံးစွဲနိုင်စေရေး၊ FDA တွင် မှတ်တမ်းတင်ထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချနိုင်ရေးနှင့် တားမြစ်ကုန်ပစ္စည်းများ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက ကုန်အညွှန်းအမှတ်အသားပါရှိသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့် တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)