မုဒုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

မုဒုံ သြဂုတ် ၂၉

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ ကန်ကြီးမီးပွိုင့်၌ ဖြန့်ဝေသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် မြို့မစခန်းမှူး ရဲမှူးခင်ဇော်ဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ အမှတ် (၇၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ်(မုဒုံ)မှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မော်တော်ယာဉ်နှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ပုဒ်မများ အကြောင်းနှင့် ယာဉ်တိုက်မှုများ ဖြစ်ပွားပါက ဆောင်ရွက်ရမည့် အချက်များကို လမ်းသွားလမ်းလာ မော်တော်ယာဉ်မောင်းနှင်သည့် ပြည်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်(၁၀၀၀)ကို ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)