ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ ဩဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာအောင်ကိုဦး(UMK) ရေးသားသော လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများတိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ ဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာရဲမွန်ကျော်က မျှော်လင့်ချက်ကိုယ်စီ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမချယ်ချယ်(YU)က ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာသော အောင်မြင်ခြင်းစီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)က ဖြစ်ချင်တာတွေဖြစ်ခွင့်ရပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုက လူငယ်တွေကိုလမ်းဖွင့်ပေးပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)က ဘဝအောင်မြင်ရေးနှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်အပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)