မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနား ကျင်းပ

မြစ်သား သြဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရန်ရှောင်ရန်များ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့် လုပ်ငန်းစဥ်များအား ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်မှုများ သရုပ်ပြသခဲ့ကြသည်။

အဆိုပါ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် လျှပ်စစ်သုံးစွဲကြသော စက်ရုံ၊ အလုပ်ရုံများ၊ ရုံးဌာနများ၊ စာသင်ကျောင်းများနှင့် ပြည်သူများ၏ နေအိမ်တိုက်တာအဆောက်အဦးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စျေးများသို့လည်း တာဝန်ရှိသူများနှင့်အတူ အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)