လင်းခေး သြဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၏ ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမိုးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ အခမ်းအနားအား ဖွင့်လှစ်လိုက်ခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက “အနာဂတ်လူရည်ချွန်”သီချင်းသီဆိုဖျော်ဖြေခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ခဲ့ကြသည်။
ထို့နောက် ကဗျာလွတ်အကပြိုင်ပွဲ၊ ရှမ်းတိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ၊ တစ်ပင်တိုင်အကပြိုင်ပွဲများ ယှဉ်ပြိုင်ခြင်းနှင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်မှ တိုးနယားအက၊ ကိန္နရီကိန္နရာအက၊ ရှမ်းရိုးရာသိုင်းအကနှင့် ရိုးရာယဥ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကျင်းပပြီးသည့် နောက်ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို တဆက်တည်းကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုရရှိသည့် အကအဖွဲ့များအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း”သီချင်း သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)