ကလောမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 ကလော ဩဂုတ် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကလောတပ်နယ် ကျောင်းအုပ်ကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖနှင့် ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကလောခရိုင်၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တေးရေးဆရာ ရဲမင်းစိုး ရေးသားသည့် ရှမ်းရိုးမကလက်ခုပ်သံများသီးချင်းဖြင့် ဖွင့်လှစ်ပြီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းဇော်ထွေးနှင့် ညောင်ရွှေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင်  မိမိတို့လူငယ်များ၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေရေးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးစစ်စိတ်ဓာတ်နှင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားလာစေရန်၊ ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သဖြင့် ခရိုင်အဆင့်တွင် ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်များအားလုံး ရည်ရွယ်ချက်များပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ခရိုင်အဆင့်မှသည် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစား ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများက အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း၊ ၁၅ နှစ်မှ ၂၀ နှစ်အတွင်း၊ ဝါသနာရှင်အဆင့်တို့က ကာလပေါ် အဆို၊ ခေတ်ဟောင်းအဆို၊ မဟာဂီတ၊ တကိုယ်တော်အက၊ အဖွဲ့လိုက်ကဗျာလွတ်အက၊ စန္ဒယား၊ တကိုယ်တော် နှဲ၊ စောင်း၊ ပတ္တလား၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အိုးစည်အဖွဲ့၊ တိုင်းရင်းသားရိုးရာအကများဖြင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲအပြီးတွင် ဆုရရှိသူများနှင့် ပွဲဖြစ်မြောက်ရေးအတွက် အလှူငွေပါဝင်ထည့်ပေးသည့် အလှူရှင်များအား ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)