ကျိုက်ထိုမြို့နယ်တွင် ပညာရေးနယ်မြေ (၁၇) မှ မိုးရာသီဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ

ကျိုက်ထို ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပညာရေးနယ်မြေ (၁၇) ရှိ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ် ဖက္ကလိပ် အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အားကစားသမားများက အသင်းအလိုက်ကွင်းအတွင်းနေရာယူ၍ နိုင်ငံတော် သီချင်းနှင့် အားကစားသစ္စာအဓိဌာန်သီဆိုပြီး ပညာရေးနယ်မြေ (၁၇) အုပ်စုမှူးကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်က အဖွင့်အမှာစကားပြောကြားကာ အားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက်ကွင်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ်ဘောလုံးပြိုင်ပွဲကို ပွဲစဉ် (က) နှင့် ပွဲစဉ် (ခ) အဖြစ် ပြိုင်ပွဲ (၂) ပွဲကို ကျင်းပရာပွဲစဉ် (က) ပြိုင်ပွဲတွင် (မူလွန်-၁) ကံ့ကော်နှင့် အမှတ် (၂) ခြေမြန်တပ်ရင်း (မူလွန်) ကျောင်းတို့ယှဉ်ပြိုင်ရာ အမှတ် (၁) မူလွန်ကျောင်းအသင်းမှ အမှတ် (၂) ခြေမြန်တပ်ရင်း (မူလွန်) အသင်းအား (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ ပွဲစဉ် (ခ) အားကျင်းပရာ အမှတ် (၃) မူလွန် (ရှမ်းစု) အား (မူလွန်-ဘူတာ) အသင်းမှ (၂) ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)