တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တံတားဦး ဩဂုတ် ၂၉                                           

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်ပြီး ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပျက် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံး ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူ(၁၃)ဦးမှ ပြိုင်ပွဲဝင်ခေါင်းစဉ်များ မဲနှိုက်ရွေးချယ်ကြပြီး မိမိတို့ကျရာခေါင်းစဉ်ဖြင့် ပုံပြင်ပြောပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးကြသည်။

ပြပွဲ၊ ပြိုင်ပွဲများကျင်းပရခြင်းတွင် ကျောင်းသား/သူများ အချိန်ကိုအကျိုးရှိစွာ အသုံးချစေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်း နှင့်ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည် ။

ရဲတင့် (ပြန်/ဆက်)