လှည်းကူး သြဂုတ် ၂၉
ကျန်းမာသန်စွမ်းသောကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ရောဂါများ ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများတို့က သက်ကြီးဘိုးဘွားများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ နှလုံးခုန်နှုန်းများစမ်းသပ်ခြင်း၊ ဆီးချိုရှိ၊ မရှိ စစ်ဆေးခြင်းများနှင့် သွေးတိုး၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးဗဟုသုတများမှာကြားခဲ့ပြီး သက်ကြီးဘိုးဘွား (၁၁၀) ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးအတွက် ကြက်သားဆန်ပြုတ်များကျွေးမွေးခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုသပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)