စဉ့်ကိုင် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပညာရေးဌာနမှ ဆရာမများ မိမိတို့သက်ဆိုင်ရာကျောင်းတွင်း ဟောပြောပွဲ၊ အစည်းအဝေး၊ ဆွေးနွေးပွဲ စသည့်အခမ်းအနားများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ အခမ်းအနားမှူးသင်တန်းကို ဩဂုတ်လ ၂၆ ရက်နေ့မှ စတင်ဖွင်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး(ကိုယ်စား) ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အခမ်းအနားမှူးကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ တာဝန်များကို ကောင်းစွာနားလည်သဘောပေါက်သွားကြပြီးဖြစ်၍ ပြင်ဆင်သင့်သည့် လိုအပ်ချက်များကို ယခုသင်တန်းမှ အတုယူကာ နောင်တွင်လက်တွေ့အကျိုးရှိရှိ အသုံးချကြစေလိုကြောင်းနှင့် မိမိတို့ဌာနအနေဖြင့်ယခုလိုဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်း သူများ ရပ်ကွက်ကျေးရွာနေ ပြည်သူများ အကျိုးပြုစေမည့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းဟံ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြရာ သင်တန်းသား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)