လယ်ဝေး သြဂုတ် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာအုပ်စု၊ ကြောင်ရေကျေးရွာရှိ တောင်သူအသိပညာပေးစင်တာ(KC)တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းအတွက်သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်း/ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တတ်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအနေဖြင့် စပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧက အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံးစွဲခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့်အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများတွင် ကျယ်စွာအသုံးပြုနိုင်ရေးတို့ကို လိုက်နာဆောင်ရွက်ရမည့်ဖြစ်ကြောင်း၊ တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံများလည်း တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးမှထွက်ရှိသည့် ထုတ်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များဖြစ်အောင် ထုတ်လုပ်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ခေတ်မီနည်းပညာများကို အသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင်စိုးက ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဆိုသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရာသီအလိုက် သီးနှံများလည်းလျာထားချက်ပြည့်မှီအောင် တိုးချဲ့စိုက်ပျိုးစေလိုကြောင်း၊ ယခုအခါ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်၍ ရေကြီးနစ်မြုပ်ခဲ့သော လယ်များအား ပြန်လည်ကုစားသည့်အနေဖြင့် သက်တမ်းနုမျိုးများ၊ သင့်တော်သည့် မြေအမျိုးအစားအလိုက် ပြန်လည်ကုစားစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် မျိုးနှင့် သွင်းအားစုများကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါသည် မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် ချောင်းအနီးနေထိုင်သူများအနေဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်၍ အသိသတိဖြင့် နေထိုင်ကြစေလိုကြောင်း၊ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပြန်သော လမ်းညွှန်မှာကြားချက်များနှင့်အညီ နေထိုင်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဝင်းအောင်က လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ခင်းများ ရေနစ်မြုပ်ခဲ့မှုအပေါ် ပြန်လည်အစားထိုးကုစားပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောဝင်းက လယ်ဝေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုထောက်ပံ့ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းအတွက် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသော တောင်သူများမှ အသီးသီးတင်ပြရာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းဖြစ်သည့် Golden Sunland Company Limited ဆန်စက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ခံမှ ဆန်စက်လည်ပတ်နေမှုအခြေအနေ၊ ထုတ်လုပ်မှုစွမ်းအား၊ စပါးခွံမီးသွေးထုတ်လုပ်မှု၊ ဘိုင်အိုလောင်စာတောင့် အသုံးပြုမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ဆန်စက်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)