နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီနှင့် စက်မှုကုန်ကြမ်းဆီများ ဈေးကစားမှုမရှိစေရေးနှင့် မြေပဲ၊ နှမ်း၊ နေကြာဆီများ တိုးချဲ့ထုတ်လုပ်ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စားအုန်းဆီနှင့် စက်မှုကုန်ကြမ်းဆီများ ဈေးကစားမှုမရှိစေရေးနှင့် မြေပဲ၊ နှမ်း၊ နေကြာဆီများ တိုးချဲ့ထုတ်လုပ်ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ  နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် စပါးအပါအဝင် ဆီထွက်သီးနှံများကို တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းစနစ်များကို လစ်ဟာမှုမရှိ စနစ်တကျ လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သီးနှံများ လျာထားချက်အတိုင်း အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိရေး၊ ရိတ်သိမ်းပြီး ထားသိုထိန်းသိမ်းမှုများ၊ အခြောက်ခံမှုများကို လေလွင့်မှုမရှိစေရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာဆီ စသည့် ဆီထွက်သီးနှံများကို တိုးချဲပြီးစိုက်ပျိုးကြရန် လိုအပ်ပါကြောင်း၊ ဒေသတွင်းထွက်ရှိသည့် သီးနှံကုန် ကြမ်းများကို အခြေခံပြီး ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည့် တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စားသုံးဆီများကို အရည်အသွေး စံချိန်စံနှုန်းနှင့်ကိုက်ညီပြီး စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်း‌သည့် ဆီများထုတ်လုပ်နိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်အဆင့်မြှင့်တင်ခြင်း၊ ထပ်မံတိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ကုန်ကြမ်းဝယ်ယူခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆီစက်ချေးငွေများ ရယူလျှောက်ထားနိုင်ပါကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် နေပြည်တော်ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက်  ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့အား စက်စွမ်းအားပြည့် ကြိတ်ခွဲထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စားသုံးဆီကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို အခြေခံ လူတန်းစား အပါအဝင် စားသုံးသူအားလုံး ဝယ်ယူစားသုံးနိုင်ရေးနှင့်  ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေးတို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အထူးဇုန်နှင့် ဇုန်ပြင်ပ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ စက်မှုမှတ်ပုံတင်လုပ်ငန်းများ၊  ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ စားသုံးဆီကုန်ဈေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်မှုအခြေအနေများ၊ အသေးစားဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ FDA ထောက်ခံချက်လျှောက်ထားမှု ပုံစံအဆင့်ဆင်များ၊ ဆီထွက်သီးနှံကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများ စနစ်တကျ ဖွဲ့စည်းတည်ဆောက်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံမှု အားပေးမြှင့်တင်ဆောင်ရွက်မှုများ၊ မြေပဲ၊ နှမ်း၊ နေကြာဆီများ တိုးချဲ့ထုတ်လုပ်ရောင်းချမှု လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)