နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမင်းဦး ဖြုတ်ခွဲကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပုဗ္ဗသီရိ ဩဂုတ် ၂၉

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာတွင် စာကြည့်တိုက်အသစ် ဆောက်လုပ်မှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌ ဒေါ်နွယ်နီခိုင်၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်၊ ဖြုတ်ခွဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စည်သူနှင့် စာကြည့်တိုက်ကော်မတီဝင်များက ဖြုတ်ခွဲကျေးရွာ စာကြည့်တိုက်အသစ် ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ စာကြည့်တိုက်အမြန်ဆုံးတည်ဆောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်သည့် အလေ့အထများဖြစ်စေရေး၊ အသိပညာ၊ အတတ်ပညာ ဗဟုသုတပြည့်စုံစေရေး၊ စာအုပ်များ စနစ်တကျထားရှိရေးတို့ကို နေ့စဉ်ထုတ်သတင်းစာများထားရှိရေး၊ သုတရသစာအုပ်စာစောင်များ ပြည့်စုံစွာထားရှိရေး၊ စာကြည့်တိုက်တွင် လူငယ်လူရွယ်များအတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးရေး၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေး၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ရပ်ရွာပြည်သူများ၊ အလှူရှင်များနှင့် စာပေချစ်မြတ်နိုးသူအဖွဲ့များမှ  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေရေး၊ စာကြည့်တိုက် အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်အသစ်ဆောက်လုပ်နေသည့် ကျည်တောင်ကန်ကျေးရွာ စာကြည့်တိုက်၊ စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် ဇီးကုန်းကျေးရွာ စာကြည့်တိုက်နေရာနှင့် အေးမြင့်သာယာကျေးရွာရှိ "ဘဝတက်လမ်း"စာကြည့်တိုက်များသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 သန်းသန်းနွယ်(ပုဗ္ဗ)