ရန်ကုန်တိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန် ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်တို့၏ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့ သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဗိုလ်တထောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဗိုလ်တထောင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ သန်လျင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်သိုက်ဝင်း၊ ကျောက်တံတားခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နာယက အလင်္ကာကျော်စွာ ဦးအောင်တင်ဝင်း၊ အကပညာရှင် ဒေါ်နွဲ့နွဲ့စန်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ် ဦးခိုင်ထွန်း၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး ကျော်ထွန်းတို့က ခရိုင်အဆင့်ပြိုင်ပွဲအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် ပန်တျာစိန်လှမြိုင်နှင့်အဖွဲ့မှ တွဲဘက်တီးမှုတ်မှုနှင့်အတူ ရွှေတံဆိပ် ၁၁ ဆုရ တေးသံရှင် ဝိုင်းလမင်းအောင်(မဟာဝိဇ္ဇာဂီတ)နှင့် အကပန်တျာဇာခြည်ခိုင်တို့က ဂီတဗိမ္မာန်တေးသီချင်းနှင့် စိန်စီသောတေးသီချင်းဖြင့် လည်းကောင်း၊ ရွှေတံဆိပ် လေးဆုရှင်ဇာမဏီသန်းဇော်နှင့်အဖွဲ့မှ နိုင်ငံတော်ရွှေတံဆိပ်ဆုများရှင် ပန်တျာစိန်လှမြိုင် ရေးစပ်သီကုံးသော ဆို၊ က၊ ရေး၊ တီးဆေးကြီး အမည်ရတေးသီချင်းအား အိုးစည်ဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း ခရိုင်အုပ်ချုပ်ရေးမှုးများနှင့် တာဝန်ရှိသူများ၊ ပြည်သူများက ကြည့်ရှုအားပေးကြကာ ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ခရိုင်အုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သတ်မှတ်နေရာတို့တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် ၁၁၆ ဦး ပါဝင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ညနေပိုင်းတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတား)ခရိုင်အဆင့်ပြိုင်ပွဲ အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရရှိကြသူများ တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်‌ကြောင်း သတင်းရရှိပါသည်။

လှလှနွယ်