နေပြည်တော် ဩဂုတ် ၂၉
နေပြည်တော် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမျိုးသမီးများအား ပျော်ရွှင်အေးချမ်းသည့်ဘဝတွင် နေထိုင်နိုင်ရန် မိသားစုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းရည်မြှင့်တင်ပေးရန်အတွက် လုပ်ဆောင်ချက်များ၊ နည်းစနစ်များ၊ ဖွဲ့စည်းပုံများ၊ အလေ့အထများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူ့အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်တို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများချမှတ်ခြင်း၊ လမ်းညွှန်ချက်များချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲဆောင်ရွက်ခြင်းနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အမျိုးသမီးကော်မတီ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး ခရိုင်၊ မြို့နယ်များအထိ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသမီးများ အလုပ်အကိုင်ရရှိရန်အတွက်လည်း အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသိပညာပေးသင်တန်းများ ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများအား ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက်မှုကိုဖြစ်စေသော အကြောင်းအချက်များဖြစ်စေရန် တွန်းပို့ပေးနေသော အချက်အလက်များနှင့် ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာများကို တိကျစွာဆောင်ရွက်နိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုများ သက်ငယ်မုဒိမ်းမှုများကိုလည်း ကျူးလွန်ခံရသူများ လုံခြုံမှုရှိစေရန်နေရာ ကျန်းမာရေး၊ အမှုဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည့် နှစ်သိမ့်ဆွေးနွေးခြင်းများ လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ ကော်မတီဝင်များအနေဖြင့်လည်း အမျိုးသမီးများအားလုံး အကြမ်းဖက်မှု၊ ခြိမ်းခြောက်ခံရမှုတွေက ကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာနေထိုင်နိုင်ရန်အတွက် အားလုံးကိုယ်တတ်စွမ်းသည့် အခန်းကဏ္ဍအသီးသီးမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးစောင့်ရှောက်ရေးလုပ်ငန်းများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုများ၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အမျိုးသမီးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)