ကျိုင်းတုံမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာ ဖတ်ရှုနိုင်စေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် အသိပညာဗဟုသုတများ ပြန်လည်မျှဝေအသုံးချနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုး၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ဦးစီးမှူး ဦးအေးမောင်နှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ တို့က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြမည် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ကျိုင်းတုံမြို့ စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးလှမြင့်က စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးဟောပြာပြီး ဒုတိယတိုင်းမှူး တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲများ၊ ဌာနဆိုင်ရာဓာတ်ပုံပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဂိမ်းပြိုင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေးသည်။

ယင်းနောက် လူငယ်စကားဝိုင်းနှင့် ဆုချီးမြှင့်ပွဲကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့် က အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်တာဝန်သိမှု၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ စသည့်  ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ လူငယ်စကားဝိုင်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း  အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ‌ကျောင်းသား၊ ကျောင်းသူများအား ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)