သထုံ ဩဂုတ် ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် တာဝန်ရှိသူများနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက္ကော်ရပ်ကွက်ရှိ အ.ထ.က(ကျိုက္ကော်)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၂)ဦးဟန်ဝင်းထွဋ်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ်ဖြိုးသူခိုင်တို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသူကျောင်းသားများသိသင့်သည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ရှောင်ရန်အချက်များတို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောရာ ကျောင်းသားကျောင်းသူများက သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် အ.ထ.က(ကျိုက္ကော်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်စောမူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်