မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်မိုး မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

မိတ္ထီလာ  ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်မိုးသည် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းနှင့် မြေသားရေကန်ပြန်လည်တူးဖော်ပြုပြင်ခြင်း လုပ်ငန်းများအား ယမန်နေ့ နံနက်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်မိုးသည် မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာ၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း(VDP)ဖြင့် အရှည် ပေ ၅၂၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းများအား မပျက်စီးစေရန်နှင့် ရေရှည်အကျိုးဖြစ်ထွန်းစေရေး ကျေးရွာမှ ပူးပေါင်းကြိုးပမ်းကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ဆည်ကုန်းကျေးရွာ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းနှင့် ဆည်ကုန်းကျေးရွာမှ လယ်ကွက်အမှတ် (၈၃၁) (၈၃၂) သို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက လုပ်ငန်း​ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများအနေဖြင့် ဆောင်ရွက်ပြီးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)