ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကျောက်ဖြူ ဩဂုတ် ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေမင်းသူက ပြည်ပနိုင်ငံများတွင် လတ်တလောဖြစ်ပေါ်နေသည့် မျောက်ကျောက်ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေဆိပ်၊ ရေဆိပ်များနှင့် ဂိတ်အသီးသီးတို့တွင် ခရီးသွားပြည်သူများကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ထားရှိရန်၊ ဝန်ထမ်းများ စားဝတ်နေရေးပြေလည်စေရေးနှင့် စားသောက်ကုန်ဈေးနှုန်းများ ကျဆင်းရေးအတွက် ကုန်ပစ္စည်းများမှာယူခြင်းကို စနစ်တကျဆောင်ရွက်ရန်၊ ကျောက်ဖြူခရိုင်အား စံပြခရိုင်အဖြစ် သတ်မှတ်နိုင်ငံရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများအား အခြားခရိုင်များမှ စံပြအဖြစ်အတုယူနိုင်သည်အထိ ဆောင်ရွက်ထားရှိရန်နှင့် ဌာနအလိုက် သက်ဆိုင်သည့်လုပ်ငန်းများအား ပြန်လည်တင်ပြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဟံစိုးက မိမိတို့၏ရုံးဌာနအဆောက်အဦအတွင်း/ အပြင်အား သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ထားကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၂၄) ဆွေးနွေးဆုံးဖြတ်မည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဆောင်ရွက်ထားရှိမှုများကို တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)