တပ်ကုန်း ဩဂုတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သပြေကုန်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပသည်။
အဆိုပါစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူသူငြိမ်းတို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီးနောက် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီမှ မတည်ငွေ ကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ပေ၊ အနံ ၁၉ ပေရှိ တစ်ထပ်စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရပြီး၊ အိမ်ထောင်စု ၃၄၉ စု၊ လူဦးရေ ၄၀၀၀ ဦးနေထိုင်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်း အဓိကဆောင်ရွက်ကြကြောင်း သိရသည်။
တင်စိုးလွင်