မော်လမြိုင် သြဂုတ် ၂၈
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု (မော်လမြိုင်) တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများအကြောင်း သိကောင်းစရာများနှင့် မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် အခန်း(၁၅)ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မော်လမြိုင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်းက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃၈)၊မူးယစ်တပ်ဖွဲ့စု(မော်လမြိုင်)မှ ရဲအုပ်လင်းလင်းဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးမသုံးစွဲ မိစေရန် လိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ အလုပ်အမှုဆောင် ဦးသန်းဝင်းက မျိုးချစ်စိတ်ဓာတ်ထက်မြက်ရေး၊ ဗလငါးတန်ကြံ့ခိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ဟောပြောပွဲနှင့်စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)