မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် သြဂုတ် ၂၈

၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဦးသာညှင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ Grade- 2 သားငယ် သမီးငယ်လေးများက “တစ်ကိုယ်ရေသန့်ရှင်းရေးတေးကဗျာ” ဖြင့် သရုပ်ဖော်သီဆို၍ဖွင့်လှစ်ခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှစ်စဉ်စာသင်နှစ်တစ်နှစ်ရဲ့ ဩဂုတ်ဒုတိယအပတ်မှာ ကျောင်းသား/ကျောင်းသူများအတွက် ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းပံ့ပိုးမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ချက်များနဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း၊ နောက်ထပ်အရေးကြီးသော လုပ်ငန်းဖြစ်သည့် အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးအပါအဝင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေးနဲ့ ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ဖန်တီးခြင်းတို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းတို့ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များရဲ့ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံတဲ့ လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ ပူးပေါင်းပြီး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက ကျောင်းကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ပညာရေးမှူးက ပညာရေးလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်လှုပ်ရှားမှုများ ဗွီဒီယိုမှတ်တမ်းပြသနေမှုကိုလည်းကောင်း၊ Grade -3 ကျောင်းသား၊ကျောင်းသူများမှ “တစ်ကိုယ်ရေကျန်းမာသန့်ရှင်းခြင်းတေးကဗျာ” ဖြင့် သရုပ်ဖော်သီဆိုနေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသူများကို သံဓါတ်အားဆေးတိုက်ကျွေးခြင်းကိုလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းဆင့် ကျောင်းသား/သူများ၏ အာဟာရအတွက် မေးခွန်း (၅၀) ဖြေဆိုနေမှုကိုလည်းကောင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများမှ အစာအုပ်စု (၃) အုပ်စု အာဟာရပညာပေးရောင်စုံခြယ်ခြင်းကိုလည်းကောင်း၊ “ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/သူများ သိမှတ်လိုက်နာဆောင်ရွက်သင့်သော ကျန်းမာရေးဆိုင်ရာပညာပေးပြခန်း ပြသထားရှိမှုကိုလည်းကောင်း၊ စနစ်မှန်သွားတိုက်ခြင်းသရုပ်ပြခြင်း၊ အာဟာရအုပ်စု (၃) စုပါဝင်သော အစားအစာများ ခင်းကျင်းသရုပ်ပြခြင်းကိုလည်းကောင်း၊ ကျောင်းသား/သူများမှ လက်ဆေးနည်းအဆင့်ဆင့် သရုပ်ပြခြင်းများကိုလည်း​​ကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)