ဒဂုံမြောက် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့က အမှတ်(၄၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများပူးပေါင်း၍ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်၏ကြီးကြပ်မှုဖြင့် လဝကမှူး ဒေါ်ခိုင်သီတာအောင်နှင့်ဝန်ထမ်းများက ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် ၁၁ ဦး၊ အသက် ၁၈ နှစ်ပြည့် ၉ ဦးစုစုပေါင်း ၂၀ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများအဆင်ပြေ ချောမွေ့စွာရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။
အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်သို့ အလှည့်ကျကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)