တိုက်ကြီး သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ခံဦးစီးအရာရှိ ဦးသက်ထွန်းစိုးက အားကစားဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ Fitness Danceအဖွဲ့က သရုပ်ပြပြီး မြို့နယ်အားကစားမှူး ဦမိုးဟိန်းကျော်က တာဝန်ခံဆရာမ ဒေါ်သန်းသန်းဦးထံ အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်းသည်။ ထို့နောက် အလယ်တန်းပြဆရာမ ဒေါ်ခင်မာရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်အာကစားနှင့်ကာယပညာဦးစီးဌာန ဝာာဝန်ခံဦးစီးအရာရှိ၊ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးကျော်သူဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)