ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူလူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဒဂုံမြောက် ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် မိမိတို့ဝါသနာပါရာ အားကစားနည်းတစ်ခုခုကို စနစ်တကျသင်ယူလေ့ကျင့်ခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ လှသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် စခန်းတာဝန်ခံ မြန်မာ့လက်‌ရွေးစင် လမ်းလျှောက်အားကစားသမားဦးလှမျိုးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အမှတ်(၃၀)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးဝင်းဇော်မိုးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်း သိကောင်းစရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက “လူငယ်နှင့်မူးယစ်ဆေး‌ဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်းကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့သည်။

ထို့နောက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသို့ မြို့နယ်အားကစားနှင့်ကာယပညာဦစီးဌာနမှ လှူဒါန်းသော အားကစားပစ္စည်းများအား မြို့နယ်အားကစားမှူး ဒေါ်သန်းသန်းနွယ်မှ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ဆက်)