မုဒုံ သြဂုတ် ၂၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအထွက်နှုန်းတိုးတက်မြင့်မားစေရန် ရော်ဘာပင်များအား မိုးကာအုပ်အစေးခြစ်နည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်ရွဲကျေးရွာရှိ စိုက်ကွက်အမှတ်(၈)၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးအောင်က ရော်ဘာအစေးခြစ်ခြံအများစုသည် မိုးများသောကာလများတွင် အစေးခြစ်ခြင်းများ ရပ်နားထားရကာ မိုးကာတပ်ဆင်၍ အစေးခြစ်ပါက အစေးခြစ်ရက်ပိုမိုရရှိစေနိုင်ပြီး တစ်ဧကအထွက်နှုန်း တိုးတက်လာသဖြင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာထုတ်လုပ်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိုးတွင်းကာလအတွင်း အစေးခြစ်ရက်ပိုမိုရရှိခြင်းသည် အစေးခြစ်လုပ်သားများ ဝင်ငွေရရှိအောင် ပြုလုပ်ပေးခြင်းနှင့် ကျွမ်းကျင်လုပ်သားများ ဆုံးရှုံးမှုပြဿနာကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)မှ ဒုခြံတာဝန်ခံက မိုးကာအုပ်အစေးခြစ်ခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိနိုင်မှုနှင့် လုပ်ငန်းစဥ်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး လက်တွေ့ဆောင်ရွက်နေသည့် ရော်ဘာခြံရှင်များမှ အတွေ့အကြုံများကို ပြန်လည်ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ရော်ဘာခြံများအား မိုးကာအုပ်အစေးခြစ်ခြင်း လုပ်ငန်းအဆင့်ဆင့်ကို လက်တွေ့ပြသ၍ တောင်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)