ဗိုလ်တထောင် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များအသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့်အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်နှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေလှိုင်တို့က ဆောင်ရွက်ခဲ့ပြီး ကျောင်းသား(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြ သည့် ကျောင်းသားလေးများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ညွန့်၊ အမှတ်တရလက်ဆောင်ပစ္စည်းအလှူရှင်ဦးနေဝင်းအောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ကျောင်းသားများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး အ.ထ.က(၆)ကျောင်းအုပ်ဆရာကြီး ဒေါ်ဆွေဆွေလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသားစုစုပေါင်း(၂၃၅)ဦးခန့်တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ ဆေးရွက်ကြီးဆေးလိပ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)