ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဩဂုတ် ၂၈

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ် ဘုန်းနိုင်ရေးသားသော “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ လူငယ်များအား စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အတွေးအခေါ်များ ရင့်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဉ်ပြုလုပ်ပေးလျက်ရှိရာ၊ အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ရဲမွန်ကျော်က “သူ့ကျွန်မခံပြီ” စာအုပ်  ဗိုလ်သူရိန်နှင့် ဗိုလ်မင်းထင်တို့အချင်းချင်း စကားပြောသည့်အခန်း၊ ကာတွန်းဆရာ အိမောင်က ဘုရင်ကိုယ်တိုင် ဦးနှောက်မရှိ၊ ရွှေဘိုကိုသာပြေးဖို့ပြင်နေသည့်အချိန်မှာ အင်္ဂလိပ်နယ်ချဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် သူ့ကျွန်ဖြစ်ခဲ့ရသည့်အကြောင်းများ၊ စာရေး ဆရာနွေဦးကိုကိုက ရှေးခေတ်မြန်မာလူမျိုးများမှလည်း သူ့ကျွန်ဘဝရောက်ခဲ့သည့်  အခါမှာလည်း ရရာလက်နက် စွဲကိုင်ပြီး ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြခြင်းများ၊ စာရေးဆရာမောင်ရည်ကျော်(ရူပ) က မင်းတုန်းမင်းကြီးသည် မိဖုရားများသည့်အတွက်ကြောင့် သားတော်တွေများခြင်း၊ အချင်းချင်း စည်းလုံးမှုမရှိခြင်းတို့ကြောင့် နန်းတွင်းရေးရာရှုပ်ထွေးခြင်းများကြောင့် တစ်ပါးနိုင်ငံမှ  မြန်မာနိုင်ငံအား အလွယ်တကူသိမ်းပိုက်ခဲ့ကြကြောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က အင်္ဂလိပ်နယ်ချဲ့တို့က တိုက်ခိုက်ခဲ့ကြပြီး မြန်မာဘုရင်နှင့် မိဖုရား၊ အခြွေအရံများကိုပါ သိမ်းပိုက်ခေါ်ဆောင်သွားခဲ့ကြသည့် ပါတော်မူခန်း၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)က မြန်မာလူမျိုးများသည် တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး ရဲစွမ်းသတ္တိတွေရှိကြပါသော်လည်း လက်နက်အင်အား မျှတမှုမရှိသည့်အတွက်ကြောင့် ရှုံးနိမ့်ကာ သူ့ကျွန်ဘဝကျရောက်ခဲ့ကြခြင်းများအကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ လစဉ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)