ထန်းတပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေး

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်သန်းခေါင်စာရင်းကော်မတီနှင့် စာရင်းစစ်/စာရင်းကောက်တာဝန်ပေးအပ်ရန်လျာထားသည့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင်ကျင်းပသည်။
ဦးစွာ မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်မြင့်က ပေးအပ်သည့်တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့် သတ်မှတ်အချိန်အတိုင်းလိုက်နာဆောင်ရွက်ရေးမှာကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူးဦးခင်ဆွေက သန်းခေါင်စာရင်းဆိုင်ရာအကြောင်းအရာများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကာမြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်လှစ်မည့်အခြေအနေ ပျက်ကွက်နောက်ကျမှုမရှိစေရေးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကောက်ကွက်အလိုက် တာဝန်ပေးအပ်ရန်လျာထားမှုအခြေအနေများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် စာရင်းစစ်/စာရင်းကောက်တာဝန်ပေးအပ်ရန်လျာထားသည့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များက မိမိသိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူးဦးခင်ဆွေက ပြန်လည်၍ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)