ပြင်ဦးလွင်ခရိုင်/မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယာယီရပ်စွန့်ခွာသူများအား ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်း၌ ယာယီနေရပ်စွန့်ခွာနေသော ပြည်သူလူထု(၃၂၀)ဦးအား ဩဂုတ်လ ၂၆ ရက်နေ့က ကွင်းဆင်း၍ ဆေးကုသခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြင်ဦးလွင်ခရိုင်/မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာပြည်သူလူထုအား အထွေထွေရောဂါများကုသပေးခြင်း၊ မကူးစက်သောရောဂါများရှာဖွေကုသခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပုံမှန်ကာကွယ်ဆေးထိုးရန် ကျန်ရှိသောကလေးများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ငှက်ဖျားရောဂါရှာဖွေစစ်ဆေးကုသပေးခြင်း၊ Mpox (Monkeypox) ရောဂါအကြောင်းအသိပညာပေးဟောပြောခြင်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ မျိုးဆက်ပွားကျန်းမာရေး၊ သားဆက်ခြားနည်းအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ ဆေးဝါးများ လှူဒါန်းပေးခြင်းနှင့် ပြည်သူ့ကျန်းမာရေးဌာန၏ လုပ်ငန်းဆောင်တာများအား ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူလူသစ်(ခရိုင် ပြန်/ဆက်)