ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်က မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလင်းပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကုသရေးဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းက ကိုယ်ဝန်ဆောင်ချိန် ကျန်းမာရေးလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကလေးမွေးဖွားပြီးပါက မိခင်နို့ စနစ်တကျတိုက်ကျွေးရေး၊ မိခင်နှင့်ကလေးကျန်းမာရေးအတွက် အစာအုပ်စု (၃) စုကို အာဟာရမျှတစွာ စားသုံးရန်နှင့် ဂရုပြုနေထိုင်ရမည့်အချက်များ၊ ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို လစဉ်သက်ဆိုင်ရာကျန်းမာရေးဌာနတွင် စနစ်တကျ လာရောက် ထိုးနှံ၊ တိုက်ကျွေးရေးတို့ကို တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်သည် များနှင့် ကလေးမိခင်တို့အား အသိပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်းတို့ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက အခမ်းအနားတက်ရောက်လာသည့် ကိုယ်ဝန် ဆောင်သည်များ၊ ကလေးမိခင်များအား ကိုယ်ဝန်ဆောင်အားဆေးများနှင့် ကလေးငယ်များကိုလည်း ဗီတာမင် (အေ) အားဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)