ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာများနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်အုပ်စု၊ ထန်းတပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

အခမ်းအနားတွင် ဒက္ခိဏခရိုင်ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ဗဟုသုတများရရှိရေး၊ ဗလငါးတန်ဘက်စုံ ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များဖြစ်လာစေရေးနှင့် ပတ်သတ်၍ ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဝင်းသီရိလှိုင်က ထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားပေါ်ထွန်းလာရေး၊ အားကစားနည်းစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကိုပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူသည်။

အခမ်းအနားအပြီးတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)