မိုင်းနောင် ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ၊ ဘင်ခရာတပ်ဖွဲ့များ၊ အကအဖွဲ့များ နေရာယူပြီး ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံအလေးပြုခြင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားအဓိဋ္ဌာန်ရွတ်ဆိုခြင်းများ ဆောင်ရွက်ကာ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ၊ အနော်ရထာအသင်း(၅)သင်းနှင့် အမျိုးသမီးအသင်း(၂)သင်းတို့က ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ(၃)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)