မဟာအောင်မြေ သြဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက် မဟာမြိုင်ကျောင်းတိုက် ပဓာနနာယက နာယကချုပ်ဆရာတော် အရှင်သဇ္ဇနသာရ သက်တော်(၈၅)နှစ် ဝါတော်(၆၅)ဝါ သက်တော်ရှည် ကျေးဇူးရှင်ဆရာတော်ဘုရားကြီးသည် ယမန်နေ့နံနက် (၇း၅၀) အချိန်က ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးလောင်းလျာကို ၁၃ဝ၁-ခုနှစ်၊ သီတင်းကျွတ်လကွယ် (၁ဝ.၁၁.၁၉၃၉) သောကြာနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် သလဲဘာရွာ၊ ခမည်းတော် ဦးစံထွေး၊ မယ်တော် ဒေါ်စောတင့်တို့မှ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။
၁၃၁၄-ခုနှစ်တွင် သလဲဘာရွာ နေမိန္ဒြတောရကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေပြုခဲ့ပြီး ၁၃၂၁-ခုနှစ်၊ ပြာသိုလဆန်း (၁၃)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၉)နာရီအချိန်တွင် အမရပူရတောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဘာသာဋီကာကျမ်းပြုဆရာတော် အရှင်ဇနကာဘိဝံသကို ဥပဇ္ဈာယ်ပြု၍ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဆိပ္စုးကြီးရွာ ရဟန်းဒါယိကာမကြီး ဒေါ်သိန်းကြွယ်၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်၊ တောင်မြို့ဘာသာဋီကာဆရာတော်ကြီး၏ စီစဉ်ပေးချက်အရ သာသနာပိုင် မြောင်းမြဆရာတော်ဘုရားကြီးနှင့် သိက္ခာကံ ထပ်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် သလဲပါရွာ ဆရာတော်ဥုးသာဂရ (ဦးရီးတော်)၊ ဥုးသုဝဏ္ဏ (ရွှေသုဝဏ်)၊ ဥုးစိန္တာမဏိ၊ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)၊ အရှင်ကဝိသာရ (အဂ္ဂမဟာပဏ္ဍိတ)၊ အရှင်ဃောသိတ၊ အရှင်သူရိယ၊ အရှင်တေဇနိယတို့ထံတွင် ပရိယတ္တိကျမ်းဂန်စာပေများ သင်ယူဆည်းပူးတော်မူခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၏ဇနီးဒေါ်မမနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၏ဇနီး ဒေါ်မီမီစိုးနှင့် တာဝန်ရှိသူသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို (၂၇.၈.၂၀၂၄)ရက်နေ့မှ (၃၁.၈.၂၀၂၄)ရက်နေ့အထိ ပူဇော်ခံသွားမည်ဖြစ်ပြီး (၃၀.၈.၂၀၂၄)ရက်နေ့ညတွင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးက တရားတော်များဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အန္တိမ အဂ္ဂိစျာပနအခမ်းအနားကို (၃၁.၈.၂၀၂၄)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် မဟာမြိုင်ကျောင်းတိုက်မှ တောင်အင်းမြောက်အင်းသုဿန်သို့ ကရဝိတ်ဖောင်တော်ဖြင့် ပင့်ဆောင်၍ အဂ္ဂိစျာပနအားပူဇော်ပြီးနောက် (၁.၉.၂၀၂၄) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်တွင် ဧရာဝတီမြစ်အတွင်း၌ ဥဒကစျာပနအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း