မိတ္ထီလာ သြဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။
မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများသွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ၁၆၉.၂၆၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင် အကျယ် ၁၂ ပေ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မေလ ၂၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရာ ၎င်းကတ္တရာခင်းခြင်းလုပ်ငန်းတွင် Base Course တည်ဆောက်ပြီးစီးမှုအခြေအနေအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ပြီးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း- အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပါက မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတောကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)