မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း သတ္တမအကြိမ်မြောက် ငါးမျိုးစိုက်ထည့်

မန္တလေး ဩဂုတ် ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ၂၂လမ်းထိပ်၊ ကျွဲစွန်းဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသံချောင်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝင်းမျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဝေဝေ၊ ငါးလုပ်ငန်း သရက်ကုန်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနောင်ဝင်း၊ ငါးလုပ်ငန်း နတ်ရေကန်စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း ၂ သိန်း၊ ငါးခုံးမကြီး ၅ သိန်း ၈ ထောင်၊ ရွှေဝါငါးကြင်း ၆ သောင်း စုစုပေါင်းငါးမျိုး ၇၆၈၀၀၀ အား စုပေါင်းစိုက်ထည့်ကြသည်။

မန္တလေးခရိုင်တွင် ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့သည်မှာ ယခုအကြိမ်သည် သတ္တမအကြိမ်မြောက်ဖြစ်ပြီး ငါးမြစ်ချင်း ၁၉၀၀၀၀၀၊ ငါးခုံးမ ၂၀၅၈၀၀၀၊ ရွှေဝါ  ၈၆၀၀၀၀ အပါအဝင် စုစုပေါင်း  ၄၈၁၈၀၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)