အလုံ သြဂုတ် ၂၈
ကျောင်းသား၊ လူငယ်များအနေဖြင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်ရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်သည့် အလေ့အကျင်းကောင်းများ ရရှိစေနိုင်ရန်အတွက် ရည်ရွယ်ကာ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် သတိပြုကာကွယ်တို့လူငယ် “စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဥ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အလုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်ချိုက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရှိရပြီး ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလဆန်းပိုင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)