တောင်ဥက္ကလာပ ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) အချိန်က မဟာမုနိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တနန္တာစာရထံမှ သရဏဂုံသုံးပါးနှင့် ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကဆရာတော်အရှင်မြတ်တို့အား ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက နဝကမ္မဝတ္ထုအလှူတော်ငွေနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါသည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တတိက္ခဉာဏထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဥက္ကလာပစေတီတော်ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးဓမ္မစကြာကော်မတီဝင်များ၊ အထောက်အကူပြုကော်မတီများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး (ပြန်/ဆက်)