မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအမှတ်စဉ်(၂/၂ဝ၂၄) အစည်းအဝေးတက်ရောက်

မော်လမြိုင်    သြဂုတ်   ၂၈

မွန်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာမြေများ သိမ်းဆည်းခြင်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းမှုပြဿနာကိုလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး  ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ဆင့်ကိုလည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ သိမ်းဆည်းမြေနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်များ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများကိုလည်း ချမှတ်ထားရှိပြီးဖြစ်၍  ထုတ်ပြန်ထားရှိသည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်အညီ စိစစ်ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် ဗဟိုသို့ တင်ပြရမည့် အမှုတွဲ(၂၀)ရှိသည့်အနက် (၁၀)မှုမှာပိတ်သိမ်းခွင့်ရရှိရေးဗဟိုသို့ ဆက်လက်တင်ပြနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်တဲ့အတွက် ဝိုင်းဝန်းဆွေးနွေးအကြံပေးဖို့ လိုအပ်ကြောင်း၊ မွန်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အပါအဝင် ခရိုင်/ မြို့နယ်ကော်မတီများအနေဖြင့် ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်ပြီး တင်ပြပေးကြရန်နှင့် ပိတ်သိမ်းမည့်အမှုတွဲများအား ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးဦးတိုးဝင်းက ကော်မတီဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမှ မွန်ပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြလာသည့် လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ကော်မတီဝင်များမှ ပြည်နယ်အတွင်း လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)