မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့မှုပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် သြဂုတ် ၂၈

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့မြန်မာ့စီးပွားရေးဘဏ် ဘဏ်ခွဲ(၁)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အငြိမ်းစားဝန်ထမ်းများအား လစဉ်ထောက်ပံ့ကြေး ၃၀,၀၀၀/-(ကျပ်သုံးသောင်းတိတိ)ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှစ၍ ခံစားခွင့်ပြုသဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအပေါ် နိုင်ငံတော်မှထားရှိသောစေတနာကို အသိအမှတ်ပြုအလေးထားရမှာဖြစ်ကြောင်း၊

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မော်လမြိုင်မြို့နယ်ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၀၀)ဦးအား ကိုယ်ချင်းစာစိတ်ထားဖြင့် တစ်ဦးလျှင် ဆန်(၁)ပြည်၊ ကြက်ဥ(၁၀)လုံးတို့အား ထောက်ပံ့ပေးအပ်သွားမှာဖြစ်တဲ့အပြင် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင်အသက်ရှည်စွာနေထိုင်ရေးကို ရည်ရွယ်လျက် လစဉ်ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်းများကို ကျန်းမာရေးဦးစီးဌာန အပါအဝင်သက်ဆိုင်ရာဌာနများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့မှုအခမ်းအနားဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ အခမ်းအနားသို့ တက်ရောက်လာကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အငြိမ်းစားနိုင်ငံဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၁)၌ ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးကာ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)