လင်းခေးနမ့်တိန်းချောင်းရေ ဆက်လက်တက်လျက်ရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လင်းခေး သြဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ မိုးအဆက်မပြတ်ရွာ သွန်းကာနမ့်တိန်းချောင်းရေကြီးမှု ထပ်တိုးလာခြင်းကြောင့် မြို့နယ်တာဝန်ရှိသူတို့က  ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့နံနက် (၈) နာရီက တိုင်းထွာချက်အရ ချောင်းရေထပ်မြင့်တက်လာမှု ချောင်းရေမြေပြင် အောက်ခြေမှ အထက်အမြင့် (၁၈) ပေအထိ ရောက်ရှိလျက်ရှိပြီး ယမန်နေ့ကထက် (၁) ပေထပ်မံတိုးလာခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီးမှုကြောင့် လင်းခေးမြို့တွင်းမှ စျေးတန်းရပ်ကွက်၊ ရွာမကြီးအရှေ့ရပ်၊ ဝမ်မပျင်းရပ်ကွက်ရှိ လူနေအိမ်များ ရေနစ်မြုပ်ခြင်း၊ မြို့နယ်အတွင်းရှိ ဒါးဆိပ်ကျေးရွာ၊ နမ့်အွန်ကျေးရွာ၊ ပူးကမ်ကျေးရွာ၊ ဝမ်ဟတ်တိုက် နယ်အတွင်းရှိကျေးရွာများ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။

သို့ဖြစ်၍ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူတို့က ရေနစ်မြုပ်ခံရသည့် ပြည်သူများအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခြင်း၊ နေအိမ်ပစ္စည်းများအား သယ် ဆောင်ပေးခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များအား ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းထားရှိပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတို့၏ စိုက်ပျိုးလယ်ယာခြံများသို့လည်း ရေဝင်ရောက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူတို့အတွက် စားနပ်ရိက္ခာများ၊ လိုအပ်သော ဆေးဝါးပစ္စည်းများအား ကူညီထောက်ပံ့ပေးပို့ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိသူတို့ထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)