ခရမ်း ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမှတ်(၁)အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြခံအသိအမြင်များနှင့် မျောက်ကြောက်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရမ်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်တိုးတိုးလွင်က ကလေးသူငယ်အခွင့်အရေးများ၊ ကာကွယ်ပေးသည့် ဥပဒေဆိုင်ရာအချက်အလတ်များ ဥပဒေဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအကြောင်းကိုလည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောအကြောင်းအရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို အတည်ပြုသတ်မှတ်ပြဌာန်းခြင်းဖြစ်ကြောင်း၊ အဓိကမဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို အခန်းကဏ္ဍအလိုက် ခွဲဝေပိုင်းခြားပြဋ္ဌာန်းသတ်မှတ်ထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောအခန်းများ၊ ပုဒ်မများအကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း၊ အခြားသင်္ကေတများ၊ နိုင်ငံတော်၏တန်ဖိုး၊ နိုင်ငံတော်၏သမိုင်းကြောင်း၊ စရိုက်လက္ခဏာများနှင့် ပတ်သက်ပြီး ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ခရမ်းမြို့နယ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်လင်းကမူးယစ်ဆေးဝါးနှင့် ဂိမ်းကစားခြင်းအန္တရာယ်၊ လူကုန်ကူးမူနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ မှုခင်းဖြစ်ရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်စည်းကမ်းများ၊ ကျင့်ဝတ်များသတိပြုရှောင်ရှားသင့်သည့် အမူအကျင့်စရိုက်လက္ခဏာများအားလည်းကောင်း ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဆရာမဒေါ်နှင်းဖြူက မျောက်ကြောက်ရောဂါနှင့် ပြင်းထန် ဝမ်းလျော ဝမ်းပျက်ရောဂါများအကြောင်း တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကြိုတင်ကာကွယ်ရန် နည်းစနစ်များအား ဟောပြောခဲ့ပြီး ခရမ်းမြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်မှ ကျေးဇူးတင်စကား ပြန်လည်ပြာကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ခရမ်းမြို့နယ်ပညာရေးမှူး ဒေါ်အေးသစ်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းမောင်မောင်နှင့် ဝန်ထမ်းများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ခဲ့ကြသည်။
ခရမ်း (ပြန်/ဆက်)