နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်

ပျဉ်းမနား ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဩဂုတ်လ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးသင့်ပြည်သူများအား ထောက်ပံပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၆ ရက်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်မ၌ကျင်းပရာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရေဘေးသင့်ရပ် ကွက်/ကျေးရွာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အချို့မြို့နယ်များတွင် ရေကြီးမှုဖြစ်ပွားခဲ့ပါသည်။ ငလိုက်ချောင်းနှင့် ဆင်သေချောင်းများမှာ ရေကြီးရေလျှံဖြစ်ပွားပြီး ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများပြားခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုဖြစ်ပွားသည့် ရေကြီးရေလျှံမှုများသည် ရုတ်တရက်မိုးရွာသွန်းမှုများပြားသည့်အတွက် ပြည်သူလူထုအနေဖြင့် အထိတ်တလန့်ဖြစ်ပွားခဲ့ရပါကြောင်း၊  နေပြည်တော်အတွင်းရှိ ဆည်၊ တမံများတွင် ရေပြည့်မှတ်များလိုအပ်နေသည်ကို တွေ့ရှိရပါကြောင်း၊  ပေါင်းလောင်းတမံရေပိုလွှဲမှ ပုံမှတ်ပို့လွှတ်နေရာ ပေါင်းလောင်းမြစ်ရေတောင့်ခံပြီး ချောင်းငယ်/ မြောင်းငယ်များမှ စီးဆင်းလာသည့်ရေများ ငလိုက်ချောင်း၊ ဆင်သေချောင်းများမှာ ရေလျှံခြင်းဖြစ်ပွားတာဖြစ်ကြောင်း၊ ရေဝင်ဧရိယာထဲက ယာယီကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိပြီးနေထိုင်ခဲ့ရသည့် ပြည်သူလူထုကို ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိုးလေဝသဌာနက ထုတ်ပြန်သည့် သတင်းအချက်အလက်များကို စိတ်ဝင်တစားနားထောင်ကြစေလိုကြောင်း၊ ရာသီအချိန်အခါအလိုက် ဖြစ်တတ်သည့် သဘာဝဘေးများ၊ နေရာဒေသကြောင့် ဖြစ်တတ်သည့်သဘာဝဘေးများကို အမြဲမပြတ်စောင့်ကြည့် လေ့လာကြပြီး၊ သတိဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်နေထိုင်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးက ရေဘေးသင့်ဒေသများရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာသတိပြုရမည့်အချက်များနှင့် ရေဝင်ရောက်ထားသောနေရာများတွင် သောက်သုံးရေသန့်ရှင်းအောင် ကာကွယ်ဆေးများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကိစ္စများ၊ ကြိုတင်ဆေးဝါးများ ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များက မိုးရွာသွန်းမှုများပြားခြင်းကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်ပွားရာမှ ရေဘေးသင့်ပြည်သူများအတွက်  ထောက်ပံငွေပေးအပ်ကြရာ ရေဘေးသင့် ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာအုပ်စု၊ စည်ပင်ကြီးကျေးရွာအတွင်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)