နေပြည်တော် ဩဂုတ် ၂၈
နေပြည်တော်စားသုံးသူရေးရာကော်မတီ(၃/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီအစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နေပြည်တော်ကောင်စီစားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီစားသုံးသူရေးရာကော်မတဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက စားသုံးသူရေးရာကော်မတီဝင်များအနေဖြင့် စားသုံးသူအသိပညာပေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ရှိသည်ဟု ယူဆရသော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုများအား ဈေးကွက်အတွင်းမှ ပပျောက်စေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စားသုံးသူတိုင်ကြားမှုများအပေါ် နှစ်ဦးနှစ်ဖက်နစ်နာမှု မရှိစေရေး တိုင်ကြားလာသည့် အမှုများအား တိုင်ကြားသူနှင့် တိုင်ကြားခံရသူတို့၏ ထွက်ဆိုချက်များအပေါ် အဂတိကင်းစွာဖြင့် မှန်ကန်မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန်လိုပါကြောင်းနှင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်ဌာနများနှင့် အထူးဖိတ်ကြားထားသော နေပြည်တော်ရှိ အသင်းအဖွဲ့များအနေဖြင့် စားသုံးသူ ကာကွယ် ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြနိုင်ရေး ဆွေးနွေးပြောကြားခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးရဲမျိုးလွင်မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များနှင့် အသင်းအဖွဲ့တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်မှ တင်ပြချက်များအပေါ် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့၊ ညောင်ပင်သာကျေးရွာရှိ ရွှေသီးနှံအဆင့်မြင့် ဆန်စက်နှင့်ကောက်ပဲ သီးနှံရောင်း ဝယ်ရေးလုပ်ငန်းသို့ ရောက်ရှိပြီး ဆန်၊ ဆန်ကွဲနှင့် ဖွဲနုများ သိုလှောင်ထားရှိမှု အခြေအနေ၊ မြေပဲ၊ ပြောင်း၊ စပါးတို့ကို အခြောက်ခံစက်များဖြင့် အခြောက်ခံထားရှိမှု အခြေအနေနှင့် ဆီစက်များ ပိုမိုကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် ဆီစက် တည်ဆောက်မည့် နေရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)