‌နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး စားရေရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်

ဇေယျာသီရိ ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာမှ ရေဘေးသင့်ပြည်သူများအား စားရေရိက္ခာဖိုး‌ငွေ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဟန်သူ တက်ရောက်အားပေးစကားပြောကြားခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး နေပြည်တော် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာသန်းနိုင်စိုးက ရေကြီးရေလျှံမှု ဖြစ်ပေါ်ချိန်တွင် ဖြစ်ပွားတတ်သည့်ကူးစက်ရောဂါများ၊ ကာကွယ်ကုသနိုင်သည့်နည်းလမ်းများနှင့် ဌာနမှကူညီဆောင်ရွက်ပေးမည့်အရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဟန်သူက ရေဘေးသင့်ပြည်သူ ၁၆၇ ဦးအတွက် စားရေရိက္ခာဖိုးငွေ ၃၅၀၇၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)